Sunday, September 16, 2007

သံလိုက်မော်လီကျူးသီအိုရီ

သီအိုရီတွေဘာတွေ ကြီးကြီးကျယ်ကျယ်နာမည်တပ်ထားပေမယ့် ဇော်ငယ်ငယ်က ဖတ်ဖူးမှတ်မိနေတာလေးတွေကို စိတ်ကူးရသလိုတင်ပြရမှာဖြစ်လို့ အမှားပါခဲ့လျှင်လည်း စိစစ်ပြင်ဆင်မှတ်သားကြဖို့ ကြိုတင်အသိပေးလိုပါတယ်။
ဝင်ရောက်ဖတ်ရှုဖြစ်သူများဟာမိမိ
စိတ်ဝင်စားတဲ့အချက်တွေကို အွန်လိုင်းသုံးနိုင်နေတာဖြစ်လို့ ပိုမိုတိကျသေချာပြီး စနစ်ကျ သေသပ်တဲ့ပုံတွေနှင့်ဖေါ်ပြပေးနေတဲ့ နေရာတွေမှာ ဆက်လက်ရှာဖွေလေ့လာနိုင်လိမ့်မယ်လို့ ယူဆပါတယ်။
ကျွန်တော်လည်း အဆင်ပြေလျှင် Link လေးတွေ ချိတ်ပေးဖို့ကြိုးစားပါမယ်။
ကျွန်တော်အဓိက ရေးသားတဲ့ရည်ရွယ်ချက်ကတော့ စိတ်ပါဝင်စားဖွယ် အခြေခံအချက်လေးတွေကို ကလေးသူငယ်တွေနှင့် လူငယ်တွေ အာရုံပြုမိလာစေဖို့လောက်ပဲဖြစ်ပါတယ်ခင်ဗျား။
ကျွန်တော်ရေးတဲ့ အကြောင်းအရာတွေဟာ မိတ်ဆွေတို့အတွက် တစ်နည်းတစ်လမ်းအသုံးဝင်တယ်ဆိုလျှင်ပဲ အထူးဝမ်းမြောက်ရမှာဖြစ်တဲ့အတွက် လိုအပ်သလို ထုတ်နှုတ်ယူငင်သုံးစွဲနိုင်သလို ဝေဖန်ထောက်ပြ အကြံပေးမှုများကိုလည်း ကြိုဆိုပါတယ်ခင်ဗျား။
**********
ဇော်ကြားဖူးတာကတော့ ရှေးအခါက သံလိုက်တုံးကိုစတင်တွေ့သိကြတော့ Loadstone လို့ခေါ်ပြီးတန်ခိုးစွမ်းအားတွေရှိတယ်လို့လည်းယုံကြည်ခဲ့ကြတယ်တဲ့။ သံဓါတ်ပါဝင်တဲ့သဘာဝကျောက်တုန်းကျောက်ခဲအချို့ (မှာ သံလိုက်သတ္တိရှိနေတာကို) အေရှားမိုင်းနားဒေသက သိုးကျောင်းသားတွေက စတင်တွေ့ရှိကြတာဆိုပဲ။ အဲဒီသဘာဝသံလိုက်ကျောက်ကို တွေ့ရှိရာအရပ်ဒေသအစွဲပြုပြီး မဂ္ဂနက်တိုက်လို့လည်းခေါ်တယ်တဲ့။
လမ်းညွှန်ကျောက်အဖြစ်ရှေးကပင် စတင်အသုံးချတတ်ကြပြီး အဲဒီခေတ်က ရေကြောင်းသွားလာရေးမှာအလွန်အရေးပါတယ်လို့သိရတယ်။ သင်္ဘောခရီးစဉ်မှာ သံလိုက်ကျောက်ကိုဖျက်ဆီးတဲ့သူကို သေဒါဏ်အထိတောင် အပြစ်ပေးစီရင်လေ့ရှိတယ်လို့ အဆိုရှိပါတယ်။
အာရေဗီယံနိုက်(Arabian Nights) ခေါ် တစ်ထောင့်တစ်ည ပုံပြင်ဇာတ်လမ်းရှည်ကြီးမှာလည်း (သင်္ဘေသား ဆင်းဘတ်ပုံပြင်တွင်) အလွန်ကြီးမားတဲ့သံလိုက်တောင်ကြီးအကြောင်း စိတ်ကူးယဉ်ဖွဲ့ဆိုထားတာတွေ့နိုင်ပါတယ်တဲ့ဗျာ။
ဒီစိတ်ကူးနောက်ဆက်တွဲတွေဟာ Spiderman ဇာတ်လမ်းတွေအထိ သုံးလို့ကောင်းနေတုန်းပဲဗျ၊ နောင်လည်းသုံးကြဦးမယ်လို့ဇော်ထင်တယ်။
နောင်အခါမှ လူလုပ်သံလိုက်တွေ၊ အမြဲတမ်းသံလိုက်/ယာယီသံလိုက် ဆိုတာတွေဖြစ်လာတာပါတဲ့ခင်ဗျား။

ကဲပါလေ နိဒါဏ်းက အတော်ရှည်သွားပြီဆိုတော့ လိုရင်းကိုဆက်ရအောင်နော်။
သံလိုက်မော်လီကျူးသီအိုရီဆိုတာက သံလိုက်တုန်းကြီးတစ်ခုဟာ သံလိုက်မော်လီကျူးလေးတွေ စုပေါင်းတည်ရှိနေတာဖြစ်တယ်တဲ့။
ဒါ့ကြောင့် သံလိုက်ကို ချိုးဖဲ့ပိုင်းလိုက်လျှင် ရလာတဲ့အပိုင်းလေးအားလုံးက သံလိုက်ပဲဖြစ်နေရောတဲ့။
ဒီသဘောကိုသေချာတွေးကြည့်လျှင် သံလိုက်သတ္တိမပျက်ပဲ အသေးဆုံးတည်ရှိတဲ့သံလိုက်အစိပ်အပိုင်းလေးဟာ သံလိုက်မော်လီကျူးတစ်ခုပဲပေါ့။
အဲဒီမော်လီကျူးကလေးတွေဟာ သံလိုက်မှာသာမကပဲ ရိုးရိုး သံထည် သံသတ္တုတွေမှာလည်းပါရှိနေတာပဲတဲ့ဗျ။
ဒါဖြစ်ယင် ဘာလို့ရိုးရိုးသံချောင်းတစ်ခုမှာ သံလိုက်သတ္တိကိုမတွေ့ရပဲ သံလိုက်ချောင်းစတာတွေမှာမှ သံလိုက်သတ္တိကိုတွေ့ရတာလဲလို့မေးစရာဖြစ်နေတာပေါ့နော်။
အဖြေကတော့ ရိုးရိုးသံချောင်းမှာ ပါဝင်တဲ့ သံလိုက်မော်လီကျူးလေးတွေက အစီအစဉ်မဲ့၊ ဦးတည်ရာမဲ့၊ ပရမ်းပတာ၊ ဖရိုဖရဲ ဖြစ်နေကြလို့ပါတဲ့။
ဒါဆို သံလိုက်တစ်ခုမှာတော့ သံလိုက်မော်လီကျူးတွေက အစီအစဉ်တကျတည်ရှိနေတာ မှန်းဆနိုင်ပြီပေါ့နော်။
ဘယ်လိုအစီအစဉ်ကြတာလဲဆိုတော့ သံလိုက်ချောင်းတွေမှာ ကမ္ဘာမြေကြီးရဲ့ တောင်/မြောက် အရပ်တွေကို အနီးစပ်ဆုံးမှန်ကန်အောင်ပြနိုင်တဲ့သတ္တိရှိတယ်လေ၊ ဒါကိုမူတည်ပြီး သံလိုက်ချောင်းတွေမှာ တောင်အရပ်ကိုညွှန်ပြနိုင်တဲ့
(သံလိုက်တောင်ဝင်ရိုးစွန်း) ဆိုတာနဲ့ မြောက်အရပ်ကိုညွှန်ပြနိုင်တဲ့ (သံလိုက်မြောက်ဝင်ရိုးစွန်း) ဆိုတာကွဲပြားစွာတည်ရှိတာကိုဦးစွာသိရှိမှတ်မိရမယ်။
ဒီတော့ သံလိုက်ဂုဏ်သတ္တိမပျက်တဲ့ သံလိုက်မော်လီကျူးသေးသေးလေးမှာလည်း သံလိုက်ဝင်ရိုးစွန်းနှစ်ခုရှိတာပေါ့နော်။
အဲဒီလိုမော်လီကျူးတစ်ခုစီရဲ့ Magnetic Pole လို့ခေါ်တဲ့သံလိုက်ဝင်ရိုးစွန်းဦးတည်ရာအရပ်တွေဟာ တူရာတူရာစုပေါင်းပြီး သံလိုက်ချောင်းရဲ့ ဦးတည်ရာတစ်ဖက်ဖက်ကို အားလုံးလိုလိုလှည့်နေတာကို အစီအစဉ်ကျတယ်လို့ဆိုတာပါ။

ဒီကနေ ဆက်တွေးကြည့်လျှင် သံလိုက်မော်လီကျူးတွေကို အစီအစဉ်ကျအောင်လှည့်ပေးနိုင်ပါက သံလိုက်ရရှိနိုင်ကြောင်းနဲ့ အစီအစဉ်ဖရိုဖရဲဖြစ်အောင်လုပ်ဆောင်ပေးပါက သံလိုက်သတ္တိပျောက်ကွယ်စေနိုင်ကြောင်း သိရပါတယ်။

နောက်ယူဆချက်တစ်ခုက ဇော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာအလွန်ကြီးမားတဲ့ သံလိုက်ကြီးတစ်ခုဖြစ်နေပြီး (ကမ္ဘာ့သံလိုက်တောင်ဝင်ရိုးစွန်း)ဟာ ကမ္ဘာမြေကြီးရဲ့ မြောက်ဝင်ရိုးစွန်းအရပ်အနီး (အရှေ့ဖက်ယွန်းယွန်းထင်ပါသည်)တွင်တည်ရှိတယ်၊ ပြီးတော့ (ကမ္ဘာ့သံလိုက်မြောက်ဝင်ရိုးစွန်း)ကျတော့ ကမ္ဘာမြေကြီးရဲ့ တောင်ဝင်ရိုးစွန်းအရပ် အနီးမှာတည်ရှိတယ် ရယ်လို့ဖြစ်ပါတယ်။
(ဖတ်ရတဲ့သူတွေ မျက်စိလည်သွားပြီလားတောင်မသိတော့ဘူး၊ မလည်ကြပါနှင့်နော်)
ဒါကြောင့်လဲ သံလိုက်ရဲ့ဂုဏ်သတ္တိတစ်ခုဖြစ်တဲ့ အမျိုးအစားတူ ၀င်ရိုးစွန်းအခြင်းခြင်းတွန်းကန်ကြပြီး အမျိုးအစားမတူသောဝင်ရိုးစွန်းများ တစ်ခုကိုတစ်ခု ဆွဲငင်ကြသည်ဆိုတဲ့သဘောအရ သံလိုက်ချောင်းတွေဟာ လွတ်လပ်စွာလည်ပတ်နိုင်အောင်ဖန်တီးပေးလျှင် သံလိုက်ချောင်းရဲ့ မြောက်ဝင်ရိုးစွန်းက ကမ္ဘာ့ မြောက်အရပ်ဖက်လည်သွားကာ သံလိုက်ချောင်းရဲ့တောင်ဝင်ရိုးစွန်းက ကမ္ဘာ့တောင်အရပ်ဖက်လည်သွားရတာဖြစ်ပါတယ်တဲ့။

ဒီလိုသံလိုက်ဝင်ရိုးစွန်းတွေရဲ့ တွန်းကန်ခြင်းဆွဲငင်ခြင်း သဘောကို အသေအခြာသိလျှင်
အင်အားကောင်းတဲ့ သံလိုက်တစ်ခုဟာ ရိုးရိုးသံချောင်း(သံမဏိဖြစ်လျှင်ပိုသင့်တော်သည်)ကို အဖန်ဖန်တစ်ဖက်သတ်ပွတ်ဆွဲပေးခြင်းဖြင့် ရိုးရိုးသံချောင်းအတွင်းက သံလိုက်မော်လီကျူးလေးများ၏ဦးတည်ရာကိုလိုအပ်သလိုပြောင်းလာအောင်ဆောင်ရွက်နိုင်ကြောင်း သိလာနိုင်ပါတယ်။
တစ်ဖက်သတ်ပွတ်ဆွဲတယ်ဆိုတာ ပုံဖြင့်ပြလျှင် လက်တွေ့ သို့မဟုတ် လှုပ်ရှားရုပ်ပုံဖန်တီးပြနိုင်လျှင်ပိုမို သဘောပေါက်လွယ်မှာဖြစ်ပါတယ်။
သံလိုက်ချောင်းရဲ့ ၀င်ရိုးစွန်းနေရာတွေဟာ အလည်ပိုင်းထက်ပိုမိုအားကောင်းတာကြောင့် သံလိုက်ချောင်းရဲ့အစွန်းတစ်ဖက်ဖက်နှင့် ရိုးရိုးသံချောင်းကို တစ်ဖက်အစွန်မှစတင် ပွတ်ဆွဲလာပြီး ကျန်တစ်ဖက်စွန်းကိုရောက်လျှင် လွန်သွားအောင်ဆွဲယူခြင်း သို့မဟုတ် ကြွပေးလိုက်ခြင်းပြုလုပ်ရပါတယ်။ ပြီးတော့ သံလိုက်ကို သံချောင်းရဲ့ မူလအစွန်ဖက်ကို မရွှေ့ကာယူသွားပြီး နောက်ထက်တစ်ဖန်အယင်အတိုင်းပြုလုပ်ရပါတယ်။ ဒီလိုအဖန်ဖန်လုပ်ပေးရတာပါ။
သဘောတရားကိုကျေညက်စွာသဘောပေါက်ပြီးပါက မျိုးမတူတဲ့သံလိုက်ဝင်ရိုးစွန်းနှစ်ခုကို တစ်ပြိုင်နက်သုံးစွဲပြီး မိမိနှစ်သက်သလို ၀င်ရိုးစွန်းဦးတည်ဖက်ရှိသံလိုက်ချောင်းပြုလုပ်နိုင်ပါတယ်။
ဒီနည်းမှာ သံလိုက်ဝင်ရိုးစွန်း မျိုးမတူနှစ်ခုကို သံမဏိချောင်းရဲ့ အလည်မှစ၍ဘေးအစွန်များဆီသို့ပွတ်ဆွဲယူရပါတယ်။
သံလိုက်ပြုလုပ်လိုတဲ့သံချောင်းဟာဘာကြောင့်သံမဏိဖြစ်သင့်တာလဲဆိုတော့ သံမဏိတွေဟာ သံလိုက်သတ္တိပေါ်ထွန်းရန်ခက်ခဲသလိုဖြစ်ပေါ်ပြီးပါကလည်းအလွယ်တကူပျောက်ကွယ်မသွားအောင် ထိန်းသိမ်းနိုင်စွမ်းပိုကောင်းလို့ဖြစ်ပါတယ်။
သံပြော့ကတော့ ၄င်းနှင့်ဆန့်ကျင်စွာပဲ သံလိုက်သတ္တိ အလွယ်တကူဖြစ်ထွန်းနိုင် အလွယ်တကူပျောက်ပျက်လွယ်နိုင်တာဖြစ်ပါတယ်။
သံလိုက်အနီးမှာရှိတဲ့ သံပြော့ဟာ ယာယီအားဖြင့်သံလိုက်ဖြစ်လာပြီး မူရင်းသံလိုက်ဝေးကွာသွားပါက ရိုးရိုးသံပြော့ပြန်ဖြစ်သွားပါတယ်။
အလွန်အားကောင်းတဲ့အမြဲတမ်းသံလိုက်အကြောင်းနှင့် လျှပ်စစ်သံလိုက်အကြောင်းကို အလျင်းသင့်လျှင် ဆက်လက်ပြောပြပါမယ်။
စောင့်မျှော်အားပေးကြပါနော်။
ဇော်အောင်(ဖိုးဇော်)

3 comments:

ဖီးနစ် - ငတေ said...

ကိုဇော်အောင့် သီအိုရီလေးတွေက တန်ဖိုးရှိပါတယ်။ မှတ်စုထုတ်ပြီး ကူးယူထားပါတယ်။ ခွင့်ပြုပါခင်ဗျာ

ဘလူးဖီးနစ် said...

ဆက်ရေးပါ ကိုဇော်ရေ စောင့်မျှော်နေပါတယ်

ဖီးနစ် - ငတေ said...

လူဆိုး... စောင့်မျှော်နေတယ်လို့ ပျော်ထားတယ်နော် :P