Saturday, September 15, 2007

သံလိုက်တွေရဲ့ညှို့ငင်အား

လျှပ်စစ်(စွမ်းအား)ဘာသာရပ်ကိုစိတ်ပါဝင်စားကြသူတွေအနေနဲ့ လျှပ်စစ်နှင့်သံလိုက် ဆိုတဲ့ အကြောင်းတွေကို နောကြေနေမယ်ထင်ပါတယ်။
သံလိုက်တွေဟာ သံအမျိုးဝင်ပစ္စည်းတွေအပေါ်တင် ညှို့ငင်ဆွဲဆောင်နိုင်တာမဟုတ်ပဲ လူသားတွေကိုပါညှို့နိုင်စွမ်းရှိကြောင်းကိုတော့ သိသူရှားမယ်ထင်ပါတယ်။
မယုံမရှိကြပါနဲ့ ဇော်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်အမှန်ပါခင်ဗျာ။
ဇော်ငယ်ငယ်လေးတုန်းက အတော်အားကောင်းတဲ့ သံလိုက်ချောင်းကြီးနှစ်ချောင်းကိုတွေ့ခဲ့ဖူးတယ်ဗျ။ အဖေက ပြောပြလို့သာ အဲဒါကြီးက သံလိုက်ဓါတ်တွေကိန်းဝင်တည်ရှိနေကြောင်း သိရတာပါ အမှန်မှာတော့ အဲဒါကြီးဆိုတာက ဘူတာရုံက မီးရထားသံလမ်းဟောင်းကြီးတွေပါ။ ရထားစီးခရီးသည်တွေကို လာကြိုတဲ့ နွားလှည်းတွေကနွားတွေ ရထားလမ်းပေါ်တက်မလာနိုင်အောင်တားဆီးကာရန်ပေးထားတာလည်းဖြစ်ပါတယ်။
အဖေက ပါလာတဲ့ဖဲထီးရှည်ကြီးရဲ့ထိပ်ဖျားကို သံလမ်းအစွန်းနားကပ်ပြလို့အားပြင်းပြင်းနဲ့ဆွဲထားတာသိရတော့ ငါးနှစ်သားကလေးဇော်ဟာ အတော်အံ့သြသွားတာပေါ့။
ဒါကြီးက ဘာကြောင့်ထူးထူးဆန်းဒီလိုဆွဲထားနိုင်ရတာလဲတွေးမရဘူး ဒါပေမယ့် သိပ်သိချင်တယ်၊ အဲဒီလို ထူးထူးဆန်းဆန်းပစ္စည်းတွေကိုလည်း ပိုင်ဆိုင်ရယူချင်မိတယ်ဗျ။
ပိုင်ဆိုင်ချင်တဲ့ဆန္ဒကတော့ အဖေသင်ပြလို့ ချက်ခြင်းပြည့်ခဲ့ရပါတယ်။
သံလိုက်ဓါတ်ကိုလိုချင်ယင်အင်္ကျီမှာ အသင့်ပါလာတဲ့တွယ်ချိတ်နဲ့ပွတ်ယူလို့ရနိုင်တယ် ဆိုတာပြောပြတာလေ။ ပွတ်ပုံပွတ်နည်း စနစ်ကျအောင်ပါသင်ပေးတော့ တစ်ဖက်သတ်ပွတ်ဆွဲနည်းဆိုတာကို ဇော်ချက်ခြင်း တတ်မြောက်ခဲ့တာပေါ့။ ဇော်ကျောင်းစနေတော့ မောင်းချဓါးရှိတဲ့သူငယ်ချင်းတွေရဲ့ ဓါးတွေကို သံလိုက်ဓါတ်အားပိုကောင်းအောင်သွင်းဖို့ နည်းလမ်းမျှဝေနိုင်သင်ကြားနိုင်နေပြီလေ။
မူလတန်းကျောင်းစာမှာလည်း သံလိုက်အကြောင်းသင်ယူရတော့ သံလိုက်ရဲ့ဂုဏ်သတ္တိတွေ၊ သံလိုက်အိမ်မြှောင် အကြောင်းတွေ ပိုမိုသိလာခဲ့ရတယ်။
ဇော်တို့ မူလတန်းကျောင်းက တစ်ပိုင်းအနီ တစ်ပိုင်းအပြာ သံလိုက်ဘားချောင်းလေး နှစ်ခုသုံးခုလောက်ပဲရှိပြီး မြင်းခွာပုံသံလိုက်ဆိုတာကျ မရှိဘူး။ အားပိုကောင်းတယ်ဆိုတဲ့ မြင်းခွာသံလိုက်ကို ဇော်မြင်ဖူးကိုင်တွယ်ဖူးလိုပေမယ့် မြင်ရဖို့တောင်လမ်းစရှာမရဘူး။
ဒါပေမယ့် လျှပ်စစ်ဓါတ်အားကနေ ယာယီသံလိုက်လုပ်လို့ရတာသိနေပြီ လက်နှိပ်ဓါတ်မီးထဲက ဓါတ်ခဲတွေယူယူပြီး အိမ်ရိုက်သံပေါ်မှာ ၀ါယာကြိုးအတိုအစတွေနဲ့ တစ်ဖက်သတ်ရစ်ပတ်ကာ လျှပ်စစ်သံလိုက်လုပ်တတ်နေပြီဗျ။
တောင်မြောက်ဝင်ရိုးစွန်းကို လိုသလိုရအောင်ပတ်တတ်တော့ ယူပုံသံလိုက်လည်းလုပ်ယူနိုင်လာတာပေါ့။
ဒီအတွက် စာအုပ်တွေတော့ကိုယ်တိုင်ရှာဖတ်ရတယ်။
စာတွေဖတ်တော့မှ သံလိုက်ဓါတ်အားသွင်းနည်းတို့ သံလိုက်အားကြာရှည်ခံအောင် ထိန်းသိမ်းစောင့်ရှောက်နည်းတို့ သံလိုက်ဓါတ် နှုတ်ပါယ်နည်းတို့ဆိုတာတွေ စုံစုံလင်လင် စနစ်တကျပိုသိလာရတာပေါ့။
သံလိုက်ပြုလုပ်နည်းမှာ ကမ္ဘာမြေကြီးရဲ့ သံလိုက်စက်ကွင်းအားကိုသုံးပြီး သံချောင်းတစ်ချောင်းကို တောင်မြောက်တန်းထားကာ သစ်သားတူဖြင့်ထုရိုက်ပေးတဲ့နည်းဆိုတာကိုတွေ့မှ အဖေပြလို့တွေ့ခဲ့ရတဲ့သံလမ်းချောင်းအဟောင်းတွေဟာ တောင်မြောက်တန်းလျက်ရှိနေတာရယ်၊ ရထားပေါ်က လမ်းခင်းတဲ့ကျောက်တွဲတွေဒီအနားမှာကျောက်ချလျှင် သံချောင်းကိုထိမှန်ထုရိုက်သလိုဖြစ်ရလို့ မရည်ရွယ်ပဲမတော်တဆဖြစ်ပေါ်လာကြတဲ့သံလိုက်တွေဆိုတာရယ် ပိုသဘောပေါက်လာရတယ်။
ဟိုတုန်းက သိပ်ငယ်သေးတော့ အဖေရှင်းပြတာအားလုံးကို နားမလည်ခဲ့ဘူးလေ။
ဒါပေမယ့် အဲဒီသံလိုက်ကြီးတွေဟာ သံတိုသံစတွေသာမက ဇော်ရဲ့ကလေးဘ၀တစ်လျှောက်လုံးကို သူတို့အပေါ်စိတ်ဝင်စားနေအောင် ညှို့ငင်ဆွဲဆောင်နိုင်ခဲ့တာ အမှန်ပါပဲဗျာ။
ကလေးဘ၀တင်လားဆိုလျှင်တောင် ဒါမျှ မကသေးပါဘူးလို့ပြောရမှာပါ၊ ဇော်လက်ရှိဘ၀ အလုပ်အကိုင်ကိုက သံလိုက်အားလမ်းကြောင်းတွေနဲ့ ရက်ဖေါက်ယှက်သွယ်နေလျက်ပါဆိုလျှင်မမှားနိုင်ပါဘူး။
တနေ့ကပဲ မီးမထွက်တော့တဲ့ ဂျင်နရေတာ (ဘရပ်ရှ်လက်စ် အော်လ်တာနေတာ) တစ်လုံးကို သင်္ဘေပေါ်သွားပြီးစစ်ဆေးပေးခဲ့ရသေးတယ်လေ။

မိတ်ဆွေတို့ရေ
မိတ်ဆွေတို့အားလုံးသိပြီးဖြစ်ပေမယ့် ညီငယ်၊ ညီမငယ်နဲ့ တူ တူမလေးများအတွက်ရည်ရွယ်ပြီး
သံလိုက်မော်လီကျုးသီအိုရီတွေ၊ သံလိုက်ရဲ့ဂုဏ်သတ္တိတွေနဲ့ လျှပ်စစ်ကြောင့်သံလိုက်ဖြစ်တာ၊ သံလိုက်ကြောင့်လျှပ်စစ်ရတာတွေ အခြေခံကစပြီး စုံစုံလင်လင်ရေးပြချင်တာပါ။
အချိန်မရလို့ စိတ်ဝင်စားမှုရှိယုံ အစပျိုးရေးတာနဲ့ပဲ ရပ်နားပါဦးမယ်။
ဇော်နဲ့ ဆရာဇော်အောင်ဆိုတာ နာမည်ခြင်း သွားတူနေတာဖြစ်ပါမယ်။
ဒီအတွက် ဆရာ့ကိုတောင်းပန်ပါတယ်။
ဇော်အောင်(ဖိုးဇော်)


2 comments:

ဘလူးဖီးနစ် - bluephoenix said...

ကိုဇော်အောင်ပြောတာထဲက တစ်ချို့ကို ကျွန်တော်တောင် မသိဘူးခင်ဗျာ။ တစ်ချို့နေရာလေးတွေမှာ ယူသုံးချင်ပါတယ်။ စာသင်တဲ့ ရှင်းပြတဲ့ နေရာလေးတွေ သီအိုရီ ဘလော့လေးတွေမှာပါ။ ခွင့်ပြုပါနော်

Anonymous said...

ဒီက ကိုဇော်အောင်က.. အင်ဂျင်နီယာဘလောဂ့်မှာ လာပြောတဲ့ ဦးဇော်အောင်လား .. ?

ကိုဘလူးပြောသလို သိပ်စိတ်ဝင်စားဖို့ ကောင်းတယ် ။ တချို့နေရာတွေ ကျမတောင် သိပ်မသိဘူး ။

ကျမတို့ အင်ဂျင်နီယာဘလောဂ့်မှာ ၀ိုင်းကူရေးဖို့ ဖတ်ခေါ်ပါတယ် ။ အီးမေးလ်လေးသိပါရစေ ။

နောက် သံလိုက်သီအိုရီတွေကို စောင့်မျှော်နေပါမယ် ။