Sunday, September 16, 2007

သံလိုက်မော်လီကျူးသီအိုရီ

သီအိုရီတွေဘာတွေ ကြီးကြီးကျယ်ကျယ်နာမည်တပ်ထားပေမယ့် ဇော်ငယ်ငယ်က ဖတ်ဖူးမှတ်မိနေတာလေးတွေကို စိတ်ကူးရသလိုတင်ပြရမှာဖြစ်လို့ အမှားပါခဲ့လျှင်လည်း စိစစ်ပြင်ဆင်မှတ်သားကြဖို့ ကြိုတင်အသိပေးလိုပါတယ်။
ဝင်ရောက်ဖတ်ရှုဖြစ်သူများဟာမိမိ
စိတ်ဝင်စားတဲ့အချက်တွေကို အွန်လိုင်းသုံးနိုင်နေတာဖြစ်လို့ ပိုမိုတိကျသေချာပြီး စနစ်ကျ သေသပ်တဲ့ပုံတွေနှင့်ဖေါ်ပြပေးနေတဲ့ နေရာတွေမှာ ဆက်လက်ရှာဖွေလေ့လာနိုင်လိမ့်မယ်လို့ ယူဆပါတယ်။
ကျွန်တော်လည်း အဆင်ပြေလျှင် Link လေးတွေ ချိတ်ပေးဖို့ကြိုးစားပါမယ်။
ကျွန်တော်အဓိက ရေးသားတဲ့ရည်ရွယ်ချက်ကတော့ စိတ်ပါဝင်စားဖွယ် အခြေခံအချက်လေးတွေကို ကလေးသူငယ်တွေနှင့် လူငယ်တွေ အာရုံပြုမိလာစေဖို့လောက်ပဲဖြစ်ပါတယ်ခင်ဗျား။
ကျွန်တော်ရေးတဲ့ အကြောင်းအရာတွေဟာ မိတ်ဆွေတို့အတွက် တစ်နည်းတစ်လမ်းအသုံးဝင်တယ်ဆိုလျှင်ပဲ အထူးဝမ်းမြောက်ရမှာဖြစ်တဲ့အတွက် လိုအပ်သလို ထုတ်နှုတ်ယူငင်သုံးစွဲနိုင်သလို ဝေဖန်ထောက်ပြ အကြံပေးမှုများကိုလည်း ကြိုဆိုပါတယ်ခင်ဗျား။
**********
ဇော်ကြားဖူးတာကတော့ ရှေးအခါက သံလိုက်တုံးကိုစတင်တွေ့သိကြတော့ Loadstone လို့ခေါ်ပြီးတန်ခိုးစွမ်းအားတွေရှိတယ်လို့လည်းယုံကြည်ခဲ့ကြတယ်တဲ့။ သံဓါတ်ပါဝင်တဲ့သဘာဝကျောက်တုန်းကျောက်ခဲအချို့ (မှာ သံလိုက်သတ္တိရှိနေတာကို) အေရှားမိုင်းနားဒေသက သိုးကျောင်းသားတွေက စတင်တွေ့ရှိကြတာဆိုပဲ။ အဲဒီသဘာဝသံလိုက်ကျောက်ကို တွေ့ရှိရာအရပ်ဒေသအစွဲပြုပြီး မဂ္ဂနက်တိုက်လို့လည်းခေါ်တယ်တဲ့။
လမ်းညွှန်ကျောက်အဖြစ်ရှေးကပင် စတင်အသုံးချတတ်ကြပြီး အဲဒီခေတ်က ရေကြောင်းသွားလာရေးမှာအလွန်အရေးပါတယ်လို့သိရတယ်။ သင်္ဘောခရီးစဉ်မှာ သံလိုက်ကျောက်ကိုဖျက်ဆီးတဲ့သူကို သေဒါဏ်အထိတောင် အပြစ်ပေးစီရင်လေ့ရှိတယ်လို့ အဆိုရှိပါတယ်။
အာရေဗီယံနိုက်(Arabian Nights) ခေါ် တစ်ထောင့်တစ်ည ပုံပြင်ဇာတ်လမ်းရှည်ကြီးမှာလည်း (သင်္ဘေသား ဆင်းဘတ်ပုံပြင်တွင်) အလွန်ကြီးမားတဲ့သံလိုက်တောင်ကြီးအကြောင်း စိတ်ကူးယဉ်ဖွဲ့ဆိုထားတာတွေ့နိုင်ပါတယ်တဲ့ဗျာ။
ဒီစိတ်ကူးနောက်ဆက်တွဲတွေဟာ Spiderman ဇာတ်လမ်းတွေအထိ သုံးလို့ကောင်းနေတုန်းပဲဗျ၊ နောင်လည်းသုံးကြဦးမယ်လို့ဇော်ထင်တယ်။
နောင်အခါမှ လူလုပ်သံလိုက်တွေ၊ အမြဲတမ်းသံလိုက်/ယာယီသံလိုက် ဆိုတာတွေဖြစ်လာတာပါတဲ့ခင်ဗျား။

ကဲပါလေ နိဒါဏ်းက အတော်ရှည်သွားပြီဆိုတော့ လိုရင်းကိုဆက်ရအောင်နော်။
သံလိုက်မော်လီကျူးသီအိုရီဆိုတာက သံလိုက်တုန်းကြီးတစ်ခုဟာ သံလိုက်မော်လီကျူးလေးတွေ စုပေါင်းတည်ရှိနေတာဖြစ်တယ်တဲ့။
ဒါ့ကြောင့် သံလိုက်ကို ချိုးဖဲ့ပိုင်းလိုက်လျှင် ရလာတဲ့အပိုင်းလေးအားလုံးက သံလိုက်ပဲဖြစ်နေရောတဲ့။
ဒီသဘောကိုသေချာတွေးကြည့်လျှင် သံလိုက်သတ္တိမပျက်ပဲ အသေးဆုံးတည်ရှိတဲ့သံလိုက်အစိပ်အပိုင်းလေးဟာ သံလိုက်မော်လီကျူးတစ်ခုပဲပေါ့။
အဲဒီမော်လီကျူးကလေးတွေဟာ သံလိုက်မှာသာမကပဲ ရိုးရိုး သံထည် သံသတ္တုတွေမှာလည်းပါရှိနေတာပဲတဲ့ဗျ။
ဒါဖြစ်ယင် ဘာလို့ရိုးရိုးသံချောင်းတစ်ခုမှာ သံလိုက်သတ္တိကိုမတွေ့ရပဲ သံလိုက်ချောင်းစတာတွေမှာမှ သံလိုက်သတ္တိကိုတွေ့ရတာလဲလို့မေးစရာဖြစ်နေတာပေါ့နော်။
အဖြေကတော့ ရိုးရိုးသံချောင်းမှာ ပါဝင်တဲ့ သံလိုက်မော်လီကျူးလေးတွေက အစီအစဉ်မဲ့၊ ဦးတည်ရာမဲ့၊ ပရမ်းပတာ၊ ဖရိုဖရဲ ဖြစ်နေကြလို့ပါတဲ့။
ဒါဆို သံလိုက်တစ်ခုမှာတော့ သံလိုက်မော်လီကျူးတွေက အစီအစဉ်တကျတည်ရှိနေတာ မှန်းဆနိုင်ပြီပေါ့နော်။
ဘယ်လိုအစီအစဉ်ကြတာလဲဆိုတော့ သံလိုက်ချောင်းတွေမှာ ကမ္ဘာမြေကြီးရဲ့ တောင်/မြောက် အရပ်တွေကို အနီးစပ်ဆုံးမှန်ကန်အောင်ပြနိုင်တဲ့သတ္တိရှိတယ်လေ၊ ဒါကိုမူတည်ပြီး သံလိုက်ချောင်းတွေမှာ တောင်အရပ်ကိုညွှန်ပြနိုင်တဲ့
(သံလိုက်တောင်ဝင်ရိုးစွန်း) ဆိုတာနဲ့ မြောက်အရပ်ကိုညွှန်ပြနိုင်တဲ့ (သံလိုက်မြောက်ဝင်ရိုးစွန်း) ဆိုတာကွဲပြားစွာတည်ရှိတာကိုဦးစွာသိရှိမှတ်မိရမယ်။
ဒီတော့ သံလိုက်ဂုဏ်သတ္တိမပျက်တဲ့ သံလိုက်မော်လီကျူးသေးသေးလေးမှာလည်း သံလိုက်ဝင်ရိုးစွန်းနှစ်ခုရှိတာပေါ့နော်။
အဲဒီလိုမော်လီကျူးတစ်ခုစီရဲ့ Magnetic Pole လို့ခေါ်တဲ့သံလိုက်ဝင်ရိုးစွန်းဦးတည်ရာအရပ်တွေဟာ တူရာတူရာစုပေါင်းပြီး သံလိုက်ချောင်းရဲ့ ဦးတည်ရာတစ်ဖက်ဖက်ကို အားလုံးလိုလိုလှည့်နေတာကို အစီအစဉ်ကျတယ်လို့ဆိုတာပါ။

ဒီကနေ ဆက်တွေးကြည့်လျှင် သံလိုက်မော်လီကျူးတွေကို အစီအစဉ်ကျအောင်လှည့်ပေးနိုင်ပါက သံလိုက်ရရှိနိုင်ကြောင်းနဲ့ အစီအစဉ်ဖရိုဖရဲဖြစ်အောင်လုပ်ဆောင်ပေးပါက သံလိုက်သတ္တိပျောက်ကွယ်စေနိုင်ကြောင်း သိရပါတယ်။

နောက်ယူဆချက်တစ်ခုက ဇော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာအလွန်ကြီးမားတဲ့ သံလိုက်ကြီးတစ်ခုဖြစ်နေပြီး (ကမ္ဘာ့သံလိုက်တောင်ဝင်ရိုးစွန်း)ဟာ ကမ္ဘာမြေကြီးရဲ့ မြောက်ဝင်ရိုးစွန်းအရပ်အနီး (အရှေ့ဖက်ယွန်းယွန်းထင်ပါသည်)တွင်တည်ရှိတယ်၊ ပြီးတော့ (ကမ္ဘာ့သံလိုက်မြောက်ဝင်ရိုးစွန်း)ကျတော့ ကမ္ဘာမြေကြီးရဲ့ တောင်ဝင်ရိုးစွန်းအရပ် အနီးမှာတည်ရှိတယ် ရယ်လို့ဖြစ်ပါတယ်။
(ဖတ်ရတဲ့သူတွေ မျက်စိလည်သွားပြီလားတောင်မသိတော့ဘူး၊ မလည်ကြပါနှင့်နော်)
ဒါကြောင့်လဲ သံလိုက်ရဲ့ဂုဏ်သတ္တိတစ်ခုဖြစ်တဲ့ အမျိုးအစားတူ ၀င်ရိုးစွန်းအခြင်းခြင်းတွန်းကန်ကြပြီး အမျိုးအစားမတူသောဝင်ရိုးစွန်းများ တစ်ခုကိုတစ်ခု ဆွဲငင်ကြသည်ဆိုတဲ့သဘောအရ သံလိုက်ချောင်းတွေဟာ လွတ်လပ်စွာလည်ပတ်နိုင်အောင်ဖန်တီးပေးလျှင် သံလိုက်ချောင်းရဲ့ မြောက်ဝင်ရိုးစွန်းက ကမ္ဘာ့ မြောက်အရပ်ဖက်လည်သွားကာ သံလိုက်ချောင်းရဲ့တောင်ဝင်ရိုးစွန်းက ကမ္ဘာ့တောင်အရပ်ဖက်လည်သွားရတာဖြစ်ပါတယ်တဲ့။

ဒီလိုသံလိုက်ဝင်ရိုးစွန်းတွေရဲ့ တွန်းကန်ခြင်းဆွဲငင်ခြင်း သဘောကို အသေအခြာသိလျှင်
အင်အားကောင်းတဲ့ သံလိုက်တစ်ခုဟာ ရိုးရိုးသံချောင်း(သံမဏိဖြစ်လျှင်ပိုသင့်တော်သည်)ကို အဖန်ဖန်တစ်ဖက်သတ်ပွတ်ဆွဲပေးခြင်းဖြင့် ရိုးရိုးသံချောင်းအတွင်းက သံလိုက်မော်လီကျူးလေးများ၏ဦးတည်ရာကိုလိုအပ်သလိုပြောင်းလာအောင်ဆောင်ရွက်နိုင်ကြောင်း သိလာနိုင်ပါတယ်။
တစ်ဖက်သတ်ပွတ်ဆွဲတယ်ဆိုတာ ပုံဖြင့်ပြလျှင် လက်တွေ့ သို့မဟုတ် လှုပ်ရှားရုပ်ပုံဖန်တီးပြနိုင်လျှင်ပိုမို သဘောပေါက်လွယ်မှာဖြစ်ပါတယ်။
သံလိုက်ချောင်းရဲ့ ၀င်ရိုးစွန်းနေရာတွေဟာ အလည်ပိုင်းထက်ပိုမိုအားကောင်းတာကြောင့် သံလိုက်ချောင်းရဲ့အစွန်းတစ်ဖက်ဖက်နှင့် ရိုးရိုးသံချောင်းကို တစ်ဖက်အစွန်မှစတင် ပွတ်ဆွဲလာပြီး ကျန်တစ်ဖက်စွန်းကိုရောက်လျှင် လွန်သွားအောင်ဆွဲယူခြင်း သို့မဟုတ် ကြွပေးလိုက်ခြင်းပြုလုပ်ရပါတယ်။ ပြီးတော့ သံလိုက်ကို သံချောင်းရဲ့ မူလအစွန်ဖက်ကို မရွှေ့ကာယူသွားပြီး နောက်ထက်တစ်ဖန်အယင်အတိုင်းပြုလုပ်ရပါတယ်။ ဒီလိုအဖန်ဖန်လုပ်ပေးရတာပါ။
သဘောတရားကိုကျေညက်စွာသဘောပေါက်ပြီးပါက မျိုးမတူတဲ့သံလိုက်ဝင်ရိုးစွန်းနှစ်ခုကို တစ်ပြိုင်နက်သုံးစွဲပြီး မိမိနှစ်သက်သလို ၀င်ရိုးစွန်းဦးတည်ဖက်ရှိသံလိုက်ချောင်းပြုလုပ်နိုင်ပါတယ်။
ဒီနည်းမှာ သံလိုက်ဝင်ရိုးစွန်း မျိုးမတူနှစ်ခုကို သံမဏိချောင်းရဲ့ အလည်မှစ၍ဘေးအစွန်များဆီသို့ပွတ်ဆွဲယူရပါတယ်။
သံလိုက်ပြုလုပ်လိုတဲ့သံချောင်းဟာဘာကြောင့်သံမဏိဖြစ်သင့်တာလဲဆိုတော့ သံမဏိတွေဟာ သံလိုက်သတ္တိပေါ်ထွန်းရန်ခက်ခဲသလိုဖြစ်ပေါ်ပြီးပါကလည်းအလွယ်တကူပျောက်ကွယ်မသွားအောင် ထိန်းသိမ်းနိုင်စွမ်းပိုကောင်းလို့ဖြစ်ပါတယ်။
သံပြော့ကတော့ ၄င်းနှင့်ဆန့်ကျင်စွာပဲ သံလိုက်သတ္တိ အလွယ်တကူဖြစ်ထွန်းနိုင် အလွယ်တကူပျောက်ပျက်လွယ်နိုင်တာဖြစ်ပါတယ်။
သံလိုက်အနီးမှာရှိတဲ့ သံပြော့ဟာ ယာယီအားဖြင့်သံလိုက်ဖြစ်လာပြီး မူရင်းသံလိုက်ဝေးကွာသွားပါက ရိုးရိုးသံပြော့ပြန်ဖြစ်သွားပါတယ်။
အလွန်အားကောင်းတဲ့အမြဲတမ်းသံလိုက်အကြောင်းနှင့် လျှပ်စစ်သံလိုက်အကြောင်းကို အလျင်းသင့်လျှင် ဆက်လက်ပြောပြပါမယ်။
စောင့်မျှော်အားပေးကြပါနော်။
ဇော်အောင်(ဖိုးဇော်)

Saturday, September 15, 2007

သံလိုက်တွေရဲ့ညှို့ငင်အား

လျှပ်စစ်(စွမ်းအား)ဘာသာရပ်ကိုစိတ်ပါဝင်စားကြသူတွေအနေနဲ့ လျှပ်စစ်နှင့်သံလိုက် ဆိုတဲ့ အကြောင်းတွေကို နောကြေနေမယ်ထင်ပါတယ်။
သံလိုက်တွေဟာ သံအမျိုးဝင်ပစ္စည်းတွေအပေါ်တင် ညှို့ငင်ဆွဲဆောင်နိုင်တာမဟုတ်ပဲ လူသားတွေကိုပါညှို့နိုင်စွမ်းရှိကြောင်းကိုတော့ သိသူရှားမယ်ထင်ပါတယ်။
မယုံမရှိကြပါနဲ့ ဇော်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်အမှန်ပါခင်ဗျာ။
ဇော်ငယ်ငယ်လေးတုန်းက အတော်အားကောင်းတဲ့ သံလိုက်ချောင်းကြီးနှစ်ချောင်းကိုတွေ့ခဲ့ဖူးတယ်ဗျ။ အဖေက ပြောပြလို့သာ အဲဒါကြီးက သံလိုက်ဓါတ်တွေကိန်းဝင်တည်ရှိနေကြောင်း သိရတာပါ အမှန်မှာတော့ အဲဒါကြီးဆိုတာက ဘူတာရုံက မီးရထားသံလမ်းဟောင်းကြီးတွေပါ။ ရထားစီးခရီးသည်တွေကို လာကြိုတဲ့ နွားလှည်းတွေကနွားတွေ ရထားလမ်းပေါ်တက်မလာနိုင်အောင်တားဆီးကာရန်ပေးထားတာလည်းဖြစ်ပါတယ်။
အဖေက ပါလာတဲ့ဖဲထီးရှည်ကြီးရဲ့ထိပ်ဖျားကို သံလမ်းအစွန်းနားကပ်ပြလို့အားပြင်းပြင်းနဲ့ဆွဲထားတာသိရတော့ ငါးနှစ်သားကလေးဇော်ဟာ အတော်အံ့သြသွားတာပေါ့။
ဒါကြီးက ဘာကြောင့်ထူးထူးဆန်းဒီလိုဆွဲထားနိုင်ရတာလဲတွေးမရဘူး ဒါပေမယ့် သိပ်သိချင်တယ်၊ အဲဒီလို ထူးထူးဆန်းဆန်းပစ္စည်းတွေကိုလည်း ပိုင်ဆိုင်ရယူချင်မိတယ်ဗျ။
ပိုင်ဆိုင်ချင်တဲ့ဆန္ဒကတော့ အဖေသင်ပြလို့ ချက်ခြင်းပြည့်ခဲ့ရပါတယ်။
သံလိုက်ဓါတ်ကိုလိုချင်ယင်အင်္ကျီမှာ အသင့်ပါလာတဲ့တွယ်ချိတ်နဲ့ပွတ်ယူလို့ရနိုင်တယ် ဆိုတာပြောပြတာလေ။ ပွတ်ပုံပွတ်နည်း စနစ်ကျအောင်ပါသင်ပေးတော့ တစ်ဖက်သတ်ပွတ်ဆွဲနည်းဆိုတာကို ဇော်ချက်ခြင်း တတ်မြောက်ခဲ့တာပေါ့။ ဇော်ကျောင်းစနေတော့ မောင်းချဓါးရှိတဲ့သူငယ်ချင်းတွေရဲ့ ဓါးတွေကို သံလိုက်ဓါတ်အားပိုကောင်းအောင်သွင်းဖို့ နည်းလမ်းမျှဝေနိုင်သင်ကြားနိုင်နေပြီလေ။
မူလတန်းကျောင်းစာမှာလည်း သံလိုက်အကြောင်းသင်ယူရတော့ သံလိုက်ရဲ့ဂုဏ်သတ္တိတွေ၊ သံလိုက်အိမ်မြှောင် အကြောင်းတွေ ပိုမိုသိလာခဲ့ရတယ်။
ဇော်တို့ မူလတန်းကျောင်းက တစ်ပိုင်းအနီ တစ်ပိုင်းအပြာ သံလိုက်ဘားချောင်းလေး နှစ်ခုသုံးခုလောက်ပဲရှိပြီး မြင်းခွာပုံသံလိုက်ဆိုတာကျ မရှိဘူး။ အားပိုကောင်းတယ်ဆိုတဲ့ မြင်းခွာသံလိုက်ကို ဇော်မြင်ဖူးကိုင်တွယ်ဖူးလိုပေမယ့် မြင်ရဖို့တောင်လမ်းစရှာမရဘူး။
ဒါပေမယ့် လျှပ်စစ်ဓါတ်အားကနေ ယာယီသံလိုက်လုပ်လို့ရတာသိနေပြီ လက်နှိပ်ဓါတ်မီးထဲက ဓါတ်ခဲတွေယူယူပြီး အိမ်ရိုက်သံပေါ်မှာ ၀ါယာကြိုးအတိုအစတွေနဲ့ တစ်ဖက်သတ်ရစ်ပတ်ကာ လျှပ်စစ်သံလိုက်လုပ်တတ်နေပြီဗျ။
တောင်မြောက်ဝင်ရိုးစွန်းကို လိုသလိုရအောင်ပတ်တတ်တော့ ယူပုံသံလိုက်လည်းလုပ်ယူနိုင်လာတာပေါ့။
ဒီအတွက် စာအုပ်တွေတော့ကိုယ်တိုင်ရှာဖတ်ရတယ်။
စာတွေဖတ်တော့မှ သံလိုက်ဓါတ်အားသွင်းနည်းတို့ သံလိုက်အားကြာရှည်ခံအောင် ထိန်းသိမ်းစောင့်ရှောက်နည်းတို့ သံလိုက်ဓါတ် နှုတ်ပါယ်နည်းတို့ဆိုတာတွေ စုံစုံလင်လင် စနစ်တကျပိုသိလာရတာပေါ့။
သံလိုက်ပြုလုပ်နည်းမှာ ကမ္ဘာမြေကြီးရဲ့ သံလိုက်စက်ကွင်းအားကိုသုံးပြီး သံချောင်းတစ်ချောင်းကို တောင်မြောက်တန်းထားကာ သစ်သားတူဖြင့်ထုရိုက်ပေးတဲ့နည်းဆိုတာကိုတွေ့မှ အဖေပြလို့တွေ့ခဲ့ရတဲ့သံလမ်းချောင်းအဟောင်းတွေဟာ တောင်မြောက်တန်းလျက်ရှိနေတာရယ်၊ ရထားပေါ်က လမ်းခင်းတဲ့ကျောက်တွဲတွေဒီအနားမှာကျောက်ချလျှင် သံချောင်းကိုထိမှန်ထုရိုက်သလိုဖြစ်ရလို့ မရည်ရွယ်ပဲမတော်တဆဖြစ်ပေါ်လာကြတဲ့သံလိုက်တွေဆိုတာရယ် ပိုသဘောပေါက်လာရတယ်။
ဟိုတုန်းက သိပ်ငယ်သေးတော့ အဖေရှင်းပြတာအားလုံးကို နားမလည်ခဲ့ဘူးလေ။
ဒါပေမယ့် အဲဒီသံလိုက်ကြီးတွေဟာ သံတိုသံစတွေသာမက ဇော်ရဲ့ကလေးဘ၀တစ်လျှောက်လုံးကို သူတို့အပေါ်စိတ်ဝင်စားနေအောင် ညှို့ငင်ဆွဲဆောင်နိုင်ခဲ့တာ အမှန်ပါပဲဗျာ။
ကလေးဘ၀တင်လားဆိုလျှင်တောင် ဒါမျှ မကသေးပါဘူးလို့ပြောရမှာပါ၊ ဇော်လက်ရှိဘ၀ အလုပ်အကိုင်ကိုက သံလိုက်အားလမ်းကြောင်းတွေနဲ့ ရက်ဖေါက်ယှက်သွယ်နေလျက်ပါဆိုလျှင်မမှားနိုင်ပါဘူး။
တနေ့ကပဲ မီးမထွက်တော့တဲ့ ဂျင်နရေတာ (ဘရပ်ရှ်လက်စ် အော်လ်တာနေတာ) တစ်လုံးကို သင်္ဘေပေါ်သွားပြီးစစ်ဆေးပေးခဲ့ရသေးတယ်လေ။

မိတ်ဆွေတို့ရေ
မိတ်ဆွေတို့အားလုံးသိပြီးဖြစ်ပေမယ့် ညီငယ်၊ ညီမငယ်နဲ့ တူ တူမလေးများအတွက်ရည်ရွယ်ပြီး
သံလိုက်မော်လီကျုးသီအိုရီတွေ၊ သံလိုက်ရဲ့ဂုဏ်သတ္တိတွေနဲ့ လျှပ်စစ်ကြောင့်သံလိုက်ဖြစ်တာ၊ သံလိုက်ကြောင့်လျှပ်စစ်ရတာတွေ အခြေခံကစပြီး စုံစုံလင်လင်ရေးပြချင်တာပါ။
အချိန်မရလို့ စိတ်ဝင်စားမှုရှိယုံ အစပျိုးရေးတာနဲ့ပဲ ရပ်နားပါဦးမယ်။
ဇော်နဲ့ ဆရာဇော်အောင်ဆိုတာ နာမည်ခြင်း သွားတူနေတာဖြစ်ပါမယ်။
ဒီအတွက် ဆရာ့ကိုတောင်းပန်ပါတယ်။
ဇော်အောင်(ဖိုးဇော်)


Saturday, August 25, 2007

စာကြည့်တိုက်မှာ ပညာရှာ

မိတ်ဆွေတို့ရေ

ဇော် ငယ်ငယ်တုန်းက ကျောင်းစာကြည့်တိုက်မှာ ရွှေသွေးတို့ တေဇတို့ လို စာအုပ်ဟောင်းတွေ ရှာဖတ်ရင်း ဖိုးဇော်နှင့်ရုပ်သေးကမ္ဘာ ဆိုတဲ့ အခန်းဆက် ကာတွန်းဇာတ်လမ်းရှည်ကြီးကို တွေ့ပြီး ကြိုက်သွားမိတယ်ဗျ။

စာအုပ်ကသာဟောင်းတယ် ရေးထားတဲ့ အကြောင်းအရာတွေက ခေတ်အမီသား ဆိုပါတော့နော်။
ဇော်ဂျီရုပ်သေးရုပ်လေးက ပန်းကန်ပြားပျံယာဉ်ကြီးနဲ့ ရောက်လာပြီး ဖိုးဇော်ကို ခေါ်သွားတယ်၊ နောက်နေရာအနှံရှောက်သွားယင်း ပစ္စည်းကရိယာ အသစ်အဆန်းတွေ ဆန်းသစ်တီထွင်မှုတွေကို ရှင်းလင်းပြောပြတယ်လေ။
အနီအောက်ရောင်ချည်ကို အာရုံခံ အသုံးချထားတဲ့ နည်းလမ်းတွေ၊ လူအနားရောက်လာယင် အလိုအလျောက် တံခါးဖွင့်ပေးပြီး ကျော်ဖြတ်သွားတော့ အလိုလို ပြန်ပိတ်သွားတဲ့အကြောင်းတွေ သူတို့ရေးတဲ့အချိန်တုန်းက အီးတီ တို့ စတားဝါး တို့ ပေါ်တောင်မပေါ်သေးဘူးဆိုတော့ ဒါကိုသုံးသပ်ကြည့်ယင်
ခေတ်ကိုအမီလိုက်နိုင်တဲ့မြန်မာတွေ၊ သူတို့လေ့လာသိထားတဲ့ ဗဟုသုတတွေကို အဆင့်အတန်းမရွေးအလှမ်းမီ နားလည်အောင် အားထုတ်ဖြန့်ဖြူးပေးတဲ့ စေတနာရှင်တွေ ဟိုးအရင်ထဲက အများကြီးရှိတယ်ဆိုတာ တွေ့ရ သိရတယ်ဗျ။
(အခုလည်း ဒီလိုစေတနာရှင်တွေ ရှိနေမယ်လို့ ဇော်ယုံကြည်အားထားမိတယ်ဗျ)

သူတို့ရဲ့ စေတနာတွေ အရာထင်တယ်ပဲပြောရမှာပေါ့ဗျာ၊ တောကြိုအုံကြားမှာမွေးဖွားကြီးပြင်းလာရတဲ့ ဇော်တောင် ပညာ တူတူတန်တန်မသင်ခဲ့ရပေမယ့် အခုဆို စင်ကာပူမှာ ဆင်န်ဆာ အလုပ်တွေလုပ်ယင်း ၀င်တာမဆိုးဘူးဗျ။

ဒီဖက်ခေတ်မှာတော့ လူငယ်တွေမှာ စာကြည့်တိုက်/စာဖတ်အသင်းတွေအပြင် အင်တာနက်၊ အီးဘုတ်၊ အွန်လိုင်းထရိန်နင် ဆိုတာတွေအထိ လှမ်းနိုင်သူက လှမ်းနိုင်နေကြတာမို့ လေ့လာလိုတဲ့သူတွေရှိနေမှာကတော့ သေချာပါတယ်။

အဲဒီတော့ကာ ပညာကို အစဉ်ရှာလာတဲ့သူတွေကလည်း
အနာဂါတ် မျိုးဆက်သစ်လေးတွေ အဖိုးတက်စေဖို့
တိုးတက်မယ့်နည်းလမ်းတွေကို အတွင်သာ ၀င်လာရေးပေးဖို့ ဇော် ဖိတ်ခေါ်ပါတယ်ဗျာ။

ဒီဘလော့အောက်မှာပဲ ရေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူးဗျာ
http://engineersformyanmar.blogspot.com
မှာ သွားရေးယင် ပိုအဆင်ပြေမယ်ထင်ပါတယ်။
မျက်စေ့လည်လမ်းမှာလို့ ဒီဘလော့ကို ရောက်လာသူရှိယင်လည်း အခုလို
ဝင်ရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ရေးစရာတွေရှိလို့ ရေးပေးဦးမယ်ဆိုလဲ အထူးပဲ ကျေးဇူးတင်ပါတယ်၊
အကြံပေးစရာရှိပါကလည်း မှတ်ချက်ကလေးပေါ့နော် ရေးထားခဲ့ပါ။

ဇော်အောင်