Generator ခေါ်လျှပ်စစ်ဓါတ်အားထုတ်စက်
မိတ်ဆွေတို့ရေ သံလိုက်တွေက သူ့အပေါ်စိတ်ဝင်စားမိတဲ့ဇော်ကို အမြဲလိုလိုညှို့ငင်နေပြီး (Generator) ဂျင်နရေတာ လို့ခေါ်တဲ့လျှပ်စစ်ဓါတ်အားထုတ်စက် တွေဆီ အရောက်ခေါ်သွားတာခဲ့သေးတာဗျ။ အစက ဘာမသိမထားပေမယ့် တွေ့ပါမြင်ပါများလာတော့ နည်းနည်းချင်း ပိုသိသိလာလေးတွေပြောပြရဦးမယ်။
ပထမဆုံးကြားဖူးတာက (Dynamo) ဒိုင်နမိုတဲ့ စက်ဘီးတွေမှာ တပ်ဆင်ပြီးလျှပ်စစ်ဓါတ်အားရယူကြတဲ့စက်ကလေးတွေပေါ့။
အဖေ့မှာ ရာလေး စက်ဘီးကြီးရှိပေမယ့် ဒိုင်နမိုမပါလို့ မီးမထွန်းနိုင်ဘူး၊ သူများစက်ဘီးမှာ ဒိုင်နမိုတပ်ထားတာကိုသွားသွားကြည့်ရတယ်။
ပိုင်ရှင်လစ်တုန်း ဒိုင်နမိုရဲ့ခေါင်းပိုင်းလေးကို လက်နှင့်လှည့်ကြည့်ခဲ့သေးတယ်။ ကိုယ်က တစ်စိတ်စာလောက်လှည့်ပြီးလက်လွှတ်ကြည့်လိုက်တိုင်း ခေါင်းကထားတဲ့နေရာရပ်မနေပဲ သူ့အလိုလို နည်းနည်းခုန်ရွှေ့သွားပြီးမှ ရပ်ရပ်သွားတာတွေ့ရတယ်။
အထဲမှာ အမြဲတမ်းသံလိုက်ရှိနေလို့ဒီလိုဖြစ်ရပုံကို (လက်တွေ့ပစ္စည်းမရှိမီကတည်းက ဗဟုသုတရနိုင်သမျှနေရာတွေက စပ်စပ်စုစုလုပ်ထားသူမို့) ဇော် ကြိုသိထားတယ်လေ။
နောက်ပြီးတော့ လျှပ်စစ်ဓါတ်အားကို စွမ်းအင်အသီးသီးမှအသွင်ပြောင်းကာရယူနိုင်ဖို့ နည်းလမ်းခွဲတွေအမျိုးမျိုးနဲ့ ထုတ်ယူရနိုင်တာတွေလည်း ကြိုသိထားတယ်။
အဲဒီအထဲမှာ ယန္တယားနည်းစဉ်လို့ခေါ်တဲ့ စက်မှုစွမ်းအင်ကိုသုံးပြီး သံလိုက်ဓါတ်အားမှ လျှပ်စစ်ဓါတ်အား ထုတ်ယူတဲ့နည်းကို တော်တော်လေးစိတ်ဝင်စားမိတယ်ပေါ့ဗျာ။
ဇော်ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာရှင်းပြထားတာက
ယန္တယားနည်းစဉ်ဖြင့် လျှပ်စစ်ဓါတ်အားဖြစ်ထွန်းရရှိရန် အရေးပါသောအချက်ကြီး ၃ချက် ပြည့်စုံရန်လိုပြီး
လျှပ်စစ်ဓါတ်အားထုတ်စက်တို့ တွင် အခြေခံအစိတ်အပိုင်းကြီး ၅ခုပါဝင်လေ့ရှိတယ်တဲ့။
အရေးပါသောအချက်ကြီး ၃ချက်ကတော့
၁) သံလိုက်နယ်မြေ (Magnetic field)
၂) လျှပ်ကူးနန်းကြိုးခွေ (Conductor)
၃) လှုပ်ရှားမှုအား (Motion) တို့ဖြစ်ပြီး
လျှပ်စစ်ဓါတ်အားထုတ်စက်များရှိ အခြေခံအစိတ်အပိုင်းကြီးများကတော့
(လည်ပတ်သောအပိုင်းမှ လျှပ်စစ်ထုတ်ပေးသော ပုံစံတွင်ဖြစ်ပါသည်)
၁) ကိုယ်ထည်ပိုင်း (Yoke)
၂) သံလိုက်နယ်မြေဖန်တီးပေးရာအပိုင်း (Magnetic pole shoes)
၃) လျှပ်စစ်ဓါတ်အား ညှို့ဝင်ဖြစ်ပေါ်ရာအပိုင်း (Armature)
၎) လျှပ်စစ်ဓါတ်အားပြောင်းလည်းပေးပို့ သောအပိုင်း (commutator)
၅) ရှေ့နောက် ထိပ်ပိတ်များ(End covers)
ဟူ၍ဖြစ်ပါသည်တဲ့။
အဲဒီစာအုပ်မှာပဲ
အခြေခံကျသော ဒီစီလျှပ်စစ်ဓါတ်အားထုတ်စက် တို့၏ (Armature coil နှင့် Field coil) ဆက်သွယ်ပုံ အမျိုးအစားကွဲများ
1) Series generator
2) Shunt generator
3) Compound generator
a) Short-shunt
b) Long-shunt စတဲ့ အခြေခံသဘောများ ကိုသေချာရှင်းပြပြီးမှ
အေစီလျှပ်စစ်ဓါတ်အား ထုတ်စက်အကြောင်း၊ သံလိုက်ဓါတ်အားအတွက် သံလိုက်ပြုခွေ (Magnetic field coil) သို့ DC လျှပ်စီးကြောင်း ပေးသွင်းပုံနည်းများကို
၁) ပြင်ပမှသီးခြားပေးသွင်းနည်း (Separated-field excitation method)
၂) ကိုယ်တိုင်ဓါတ်အားပေးသွင်းနည်း (Self-excitation method)
စသည်ဖြင့် (Excitation ပေးသွင်းပုံ/ထိန်းချုပ်ပုံ) အမျိုးမျိုးနှင့်တကွ ဆက်ရှင်းပြပါတယ်။
ပြီးတော့မှ (Alternator/ Generator) ခေါ်အကြီးစား ဓါတ်အားထုတ်စက်ကြီးများအကြောင်း ဆက်လက်ရှင်းပြထားတာတွေ့ရပါတယ်။
လျှပ်ထုတ်စက်များတွင် လည်ပတ်သောအပိုင်းမှ လျှပ်စစ်ဓါတ်ထုတ်ယူသောအမျိုးအစား (revolution armature type) နှင့် တည်ငြိမ်သောအပိုင်းမှ လျှပ်စစ်ဓါတ်အားထုတ်ယူသောအမျိုးအစား (revolution field type) ဟု အဓိကခွဲခြားလေ့လာနိုင်ကြောင်းလည်း စာတွေ့ဖြင့်ပဲသိခဲ့ရပါတယ်။
ထုတ်လုပ်မှုပမာဏ (Capacity) ၂၅၀ ကီလိုဝပ် အထက်စက်ကြီးများကို (revolution field type) နည်းလမ်းဖြင့်သာ တည်ဆောက်လေ့ရှိကြပြီး
(revolution field type) စက်တို့တွင် Commutator slip ring type နှင့် Brush less type တို့ ကွာခြားတည်ရှိနိုင်ပုံတို့ကို လည်းထပ်မံ ရှင်းပါသေးတယ်။
နည်းလမ်းကွဲအားလုံးအတွက် အထွက်လျှပ်စစ်ဗို့အား ချိန်ညှိထိန်းချုပ်နိုင်ရန်ကိုလည်း အခြေခံသဘော သိရှိစေပါတယ်။
စာထဲမှာတွေ့ဖူးတာတွေကို စာချည်းသက်သက်ပဲရယ်လို့ စိတ်မပျက်နိုင်အားပဲ အားလုံးနားမလည်နိုင်သည့်တိုင် စိတ်ပါဝင်စားစွာ လေ့လာကြည့်ဖူးတာကြောင့်
စာသင်ခန်းများအတွင်းမှ လက်တွေ့ပစ္စည်းကရိယာများနှင့်ထိတွေ့ခွင့်ရလာချိန်မှာ အလွန်ရင်းနှီးကျွမ်းဝင်နေပြီးသားဖြစ်စေတာကို ကိုယ်တွေ့တင်ပြလိုက်ပါတယ်။
စာသင်ခန်း/အလုပ်ရုံခန်းများမှ ထပ်ဆင့်သိရှိလာရတဲ့ ပညာဗဟုသုတ များကလည်း
နောင်အချိန်မှာ လျှပ်စစ်ဓါတ်အားပေးစက်အမျိုးမျိုးထိန်းသိမ်းကိုင်တွယ်မောင်းနှင်နိုင်ရန်၊ ပြုပြင်ထိန်းသိမ်းမှုပေးရန်တို့အတွက်ပါ လုံလောက်သော အတွေ့အကြုံများရှိစေပါတယ်။
အချက်အလက်များကို အကြမ်းအားဖြင့်ပြည့်စုံအောင်စုပေါင်းဖေါ်ပြရတဲ့အတွက် တစ်ပိုင်းစီ အသေးစိတ် မဖေါ်ပြနိုင်ပဲရှိနေပါတယ်။
အသေးစိတ်သိလိုသည်များရှိလို့ ဆက်သွယ်မေးမြန်းလာခဲ့ပါက ၀ိုင်းဝန်းဆွေးနွေးဖြေကြားကြဦးမှာဖြစ်လို့ ယခုထက်ပိုပြီး စုံလင်တိကျမှန်ကန်စွာ သိနိုင်ကြဦးမှာဖြစ်ကြောင်း တင်ပြလိုပါတယ်။
ဇော်အောင် (ဖိုးဇော်)
Tuesday, February 19, 2008
Friday, February 15, 2008
Frequency converter
Frequency converter
အေစီလျှပ်စစ်ဓါတ်အားစနစ်မှာ ဗို့အားကွဲပြားတာကို အသိများကြပေမယ့် ဖရီကွင်စီဆိုတဲ့ ကြိမ်နှုန်းပြောင်းလဲနှုန်းကို အမှုအမှတ်မယ့်မေ့ထားတတ်ကြတယ်ဗျ။
ကြိမ်နှုန်းမကိုက်ညီပဲဖြစ်နေတာက ဗို့အားကွာတာလွဲမှားပေးမိတာလို ပြဿနာတက်တာချက်ချင်းမကြုံရတော့ အလွယ်တကူမသိနိုင်ကြဘူးလေ။
အိမ်သုံးလျှပ်စစ်ပစ္စည်းတော်တော်များများကလည်း Frequency 50~60 Hz အတွင်း သုံးလို့အဆင်ပြေနေကြတာကြောင့်ဖြစ်မယ်။
မြန်မာပြည်ရဲ့ ဓါတ်အားဖြန့်ဖြူးရေးစနစ်က 400/230 V, 50 Hz လို့မှတ်ထားဖူးတယ်။
3 Phase 4 Wires system ဖြစ်ပါတယ်။
400 ဆိုတာက Phase to Phase တိုင်းလို့ရတဲ့ potential difference ဖြစ်ပါတယ်၊ Line Voltage လို့လဲခေါ်ကြတယ်၊ တိုင်းတာတဲ့ Unit ကတော့ Voltage ပဲပေါ့။
230 V ကတော့ Phase တစ်ခုခုနှင့် Neutral wire (ကြားကြိုး/ အအေးကြိုးလို့လဲခေါ်ကြတယ်) အကြားကိုတိုင်းလို့ရတဲ့ ဗို့အားကို ဆိုလိုတာပါ။
3 Phase 3 Wires system မှာဆိုလျှင် Neutral wire မပါတော့ပဲ Single Phase system မှာတော့ Phase တစ်ကြိုး Neutral တစ်ကြိုးပဲသုံးတယ်။
Earth Wire တွေကတော့ ဖေါ်ပြမရေးနေပေမယ့် စနစ်တိုင်းမှာ ပါဝင်ရလေ့ရှိပါတယ်။
ဗို့အားကျဆင်းနေလို့ ပြဿနာတွေရှိသလို ဖရီကွင်စီကျဆင်းလို့ဖြစ်နိုင်တဲ့ဆိုးကျိုးတွေလည်းရှိနေပါတယ်။
အထူးသဖြင့်တော့ မော်တာသုံးရတဲ့ ရေခဲသေတ္တာ၊ အဲယားကွန်း၊ အဲကွန်ပရက်ဆာ၊ ရေပန့် တွေမှာ သက်ရောက်ခံရတာဖြစ်ပါတယ်။
ကြိမ်နှုန်းကပုံမှန်ထက်နည်းနေလျှင် မော်တာတွေပုံမှန်မလည်နိုင်တော့ပဲ Speed ကျဆင်းလေ့ရှိပါတယ်၊ မော်တာလို ၀န်အမျိုးအစားက Inductive Loads ဖြစ်ပြီး Inductive Reactance တန်ဖိုးကလည်း Frequency အပေါ်တည်မှီနေတာဆိုတော့ Impedance တွေလျော့ပြီး လျှပ်စီး Current ပိုဆွဲယူလေ့ရှိပါတယ်။ (Speed ကျလျှင် Current တက်တယ်လို့ လွယ်လွယ်ပဲ ပြောလို့ရပေမယ့် အသေးစိတ် သိလိုသူတွေ ဆက်စပ်နိုင်အောင် လမ်းစရေးပြတာဖြစ်ပါတယ်)
Current ပိုဆွဲနေပြီဆိုတာနှင့် Wire တွေကလည်း ပုံမှန် size မဟုတ်ပဲငယ်နေလို့ကတော့ ပိုဆိုးကုန်တော့တာပါပဲ။
ဒီတော့ Frequency 60 Hz လိုတဲ့စနစ်မှာ 50 Hz သွားပေးလို့မရဘူးပေါ့။
Voltage ကွာခြားတာက Capacity နိုင်တဲ့ Transformer ရှိယင်လွယ်လွယ်ပဲပြောင်းပေးလို့ရတယ်။ (လိုအပ်တဲ့ Tapping တွေတော့ ထုတ်ထားရမယ်)။
Frequency မှာတော့ မလွယ်ဘူး။ Watt နည်းနည်း အတွက် Electronic နည်းပညာတွေနှင့် Convert လုပ်ပေးနိုင်ပေမယ့် Kilowatt ကြီးကြီးလိုလေ ခက်လေပဲ။
Motor နှင့် Generator စုံတွဲလိုလာတယ်။
Speed ပြောင်းပေးနိုင်တဲ့ Gear Box လိုလာတယ်။
Motor အကြီးကြီးကို အဆင်ပြေပြေနှိုးပေးနိုင်မယ့်နည်းစနစ်တွေလိုလာတယ်။
Generator တစ်လုံးနှင့်မနိုင်သေးလျှင် သုံးထားတဲ့ Generator တွေအချင်းချင်း Synchronization ဖြစ်ပြီးယှဉ်တွဲမောင်းနှင်နိုင်ဖို့လိုပြန်တယ်။
ဒီတော့ Generator ကြီးတွေကို Output Voltage ထိန်းပေးနိုင်ဖို့ AVR တွေ Load sharing အပိုင်းတွေလိုလာပြန်တာပေါ့။
မော်တာနှင့် မောင်းနှင်ဓါတ်အားထုတ်ရတဲ့ Generator တွေကတော့ Speed ချင်း ညီလည်းညီ ငြိမ်လည်းငြိမ်လို့ တွဲဖက်မောင်းရမေမယ့် အဆင်ပြေလွယ်ပါတယ်။
Frequency အတိအကျလိုနေသူတွေအတွက် ဒီလိုပြည့်စုံအောင်တည်ဆောက်ပေးရတာ
KVA 2000 အောက်မှာတောင် ဒေါ်လာ သန်းချီရတယ်ပြောကြတယ်၊ အမြတ်ကိုတော့ မသိဘူး။
ဒီဇယ်အင်ဂျင်တွေနှင့်မောင်းတဲ့ ဂျင်နရေတာတွေမှာSynchronization လုပ်ပြီးယှဉ်တွဲမောင်းနှင်ဖို့အတွက်ဆိုလျှင်တော့ Engine Speed ကိုတိတိကျကျရအောင် Control လုပ်ဖို့ Governor motor ကောင်းကောင်းလိုတယ်လေ။ ဒီအကြောင်းကို အဆင်ပြေတဲ့အခါရေးပါဦးမယ်။

Subscribe to:
Posts (Atom)